Tuesday, February 10, 2009

လျှောက်လမ်းလေး

လမ်းကလေး ဆိုတဲ့ စကားလုံးဟာ တစ်မျိုးတမယ် ထူးခြားမှု ရှိလို့တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြောက်မြားစွာသော လမ်းလေးတွေကို အားလုံးပဲ လျှောက်လှမ်းဖူး တာကြောင့်ပဲ ဖြစ်ပါတယ်။ မြေနီလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း နဲ့ ဖြောင့်သော၊ ကောက်သော၊ ဝေ့၀ိုက်သော လမ်းကလေးတွေ စသည် စသည်များပါ။ ပန်းခင်းတဲ့ လမ်းကလေးများကိုလည်း လျှောက်ဖူးသူတို့ ရှိကြပါမယ်။ ထပ်တူ ထပ်မျှ ကြည်နူးပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ခရောင်းလမ်းကိုလည်း လျှောက်ခဲ့ဖူးသူတွေ ရှိကြမှာပါ။ သူတို့အတွက်တော့ အမှန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ လူတိုင်းက လျှောက်ခဲ့ရတဲ့ လမ်းကလေးတွေကို မေ့ထားလို့ ရမယ် မထင်ပါဘူး။

ဒီလမ်းကလေး တစ်နည်းအားဖြင့် ဒီကန်ပတ် လမ်းကလေးကို လျှောက်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့တယ်။ ဆူညံပေမယ့်လည်း စည်ကားပြီး မျက်စိ ပသာဒရှိလှပါတယ်။ လတ်ဆတ်တဲ့လေနဲ့ အတူ တခါတခါ တံငါသည်ရဲ့ ပံ့ပိုးမှုနဲ့ ညှီစို့စို့ငါးနံ့ကိုပါ ခံစားရတတ်ပါတယ်။ လွယ်အိတ်ကို ပုခုံးသိုင်းပြီး ကြောင့်ကျမှု ကင်းစွာနဲ့ ကျောင်းတက်ချိန်အမီ အပြေးတစ်ပိုင်းနဲ့ လျှောက်ခွင့်ရခဲ့တဲ့ လမ်းကလေး ဖြစ်တယ်။ ကျောင်းအိမ်စာတွေကို တနင့်တပိုးနဲ့ မနိုင်ဝန်ထမ်းစဉ်က နာကျင် ရှိုက်ငိုရင်းနဲ့ လမ်းမပျောက်ခဲ့တဲ့ လမ်းကလေး ဖြစ်တယ်။ ဒီမြေနီ ကန်ပတ်လမ်းလေးပေါ်မှာ ခင်မင်ရာ သူငယ်ချင်းတွေနဲ့ ခေါက်တုန့် ခေါက်ပြန် လျှောက်ခဲ့ဖူးတယ်။ တစ်နယ် တစ်ကျေးကို ကြင်သူနဲ့ ပြောင်းသွားတဲ့ ဆရာမလေးတစ်ယောက်ကို ဒီလမ်းကလေးမှာ မြင်နေကျဖြစ်တယ်။ အယူအဆ မတူပါဘဲ ဘ၀အဖော် ဖြစ်ချင်သူလေးနဲ့အတူ ဒီလမ်းကလေးပေါ် စက်ဘီးလေးတွန်းရင် အတူယှဉ် လျှောက်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလမ်းကလေးမှာ ကျွန်တော့်အပေါ် စာနာနားလည် ပြီး ထွေးပွေ့မဲ့သူ တစ်ဦးတစ်ယောက်မှ ရှိခဲ့ပါရဲ့လားလို့ ဆန်းစစ်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒီလမ်းကလေး တစ်နည်းအားဖြင့် ဒီလမ်းသွယ်လေးကို ကျွန်တော် ဖြတ်လျှောက်ခဲ့တာ နှစ်အနည်းငယ် ခန့် ကြာမြင့်ခဲ့ပါပြီ။ မာကျူရီမီးနဲ့ ထိန်ညီး နေပေမယ့် ရှုပ်ထွေးပွေလီပြီး အမြဲပဲ သတိနဲ့လျှောက်နေရတဲ့ လမ်းကလေးပါ။ လွှင့်ပျံ့နေတဲ့ ပြူတင်းလိုက်ကာရဲ့ ဖွဲ့တည်မှုကို မခံစားနိုင်ဘဲ လှုပ်လီလှုပ်လှည့် ပလက်ဖောင်းအံဖုံးပေါ် ကျွံမကျအောင် လျှောက်ရတဲ့ လမ်းကလေးပါ။ ကားမှတ်တိုင် နှစ်ခုဟာ မျက်စောင်းထိုး အနေအထားမှာရှိနေပြီး လမ်းဘေး လဘက်ရည်ဆိုင် ရှိနေတတ်လို့ ဣနြေ္ဒရရ လျှောက်ခွင့် မရတဲ့ လမ်းသွယ်လေးကို ဖြတ်လျှောက်ရတာ အကြိမ်ကြိမ်ပါ။ အမှောင်နဲ့အတူ လူပြတ်တတ်တဲ့ မီးကင်းရုံနံဘေးဟာ ကြိမ်ဖန်များစွာ စိုးရွံ့စိတ်ကို ပေးတတ်ပါသေးတယ်။ ရင့်ကျက်ချင် ဟန်ဆောင်မှုနဲ့ အမှိုက်ပုံ ကမူလေးကိုကျော်ပြီး ပြည်လမ်းမကြီးရဲ့ မီးအလင်းရောင်ကို မြင်မိမျှ အနည်းငယ် စိတ်သက်သာရာ ရစေတဲ့ လမ်းသွယ်ကလေးပါ။ ဒါပေမယ့် ဒီလမ်းကလေးမှာ ကျွန်တော့်အပေါ် သံသယအကြည့်နဲ့ နာကျင် မုန်းတီးနေလေသူ တစ်စုံတစ်ယောက်က တိတ်တဆိတ် ကြည့်နေမလားဆိုတာတာ အမြဲပဲ သောကဝေနေမိပါတယ်။

အထက်တန်း ကျောင်းသားဘ၀ ကျောင်းတက်တိုင်း လျှောက်ဖြစ်ခဲ့တဲ့ နောင်တုံကန် ကန်ပတ် လမ်းကလေးရဲ့ အမှတ်ထင်ထင် ရှိခဲ့တာလေး နဲ့ ခုရောက်နေတဲ့ ရှစ်မိုင်အလွန် တစ်မှတ်တိုင် လောက်က လမ်းသွယ်လေးရဲ့ တဒင်္ဂမြင်ကွင်းလေးကို ခံစားမိတာ ဖြစ်ပါတယ်။ လျှောက်ခဲ့တဲ့ လမ်းကလေးတွေမှာ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့် မရခဲ့သည်ဖြစ်စေ၊ ကိုယ်တိုင်ရွေးချယ် လျှောက်ခဲ့ရတဲ့ လမ်းပဲဖြစ်စေ လျှောက်ရတဲ့ ဘ၀လမ်းကလေးတိုင်း သာသာယာယာ ရှိစေချင်တဲ့ ဆန္ဒနဲ့ .. .. ။

အစ်မသက်ဝေရဲ့ လမ်းကလေးများအကြောင်း ကိုဖတ်နိုင်ပါသေးတယ် ။
Photobucket

25 comments:

  1. လမ်းနာမည်ကို ပေးခဲ့မယ်။ အ၀ါရောင် လမ်း။

    ReplyDelete
  2. မာကျူရီည နဲ့ အ၀ါရောင်လမ်း....

    http://thet-wai-blog.blogspot.com/2008/03/blog-post_24.html

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. အခုလျှောက်နေတဲ့ လမ်းလေးကို အဆင်ပြေ၊သာယာစွာ လျှောက်နိုင်ဖို့ ကြိုးစားနေပါတယ်၊ ကိုဝင်းဇော်လည်း အဆင်ပြေစွာ လျှောက်နိုင်ပါစေရှင်

    ReplyDelete
  5. ကိုဝင်းဇော် ရဲ့ လျှောက်လမ်း လေးဖတ်ရတော့
    မွေးရပ် ဌာနေက လျှောက်လမ်းကိုလည်း အမှတ်ရမိပါတယ်

    ReplyDelete
  6. လျှောက်လမ်းကလေးမှာ လာပြီး လျှောက်သွားပါတယ်။

    ReplyDelete
  7. လျှောက်လမ်းလေးကိုဖတ်ပြီး ဘယ်လမ်းကိုလျှောက်၂ အဆင်ပြေချောမွေ့ပါစေ ကိုဝင်းဇော်.

    ReplyDelete
  8. လျှောက်ခဲ့ဖူးတဲ့ လမ်းလေး ကို စိတ်မှန်း နဲ့ လာကြည့်သွားတယ် ..။

    ReplyDelete
  9. အမှတ်တရလေးတွေ ဖြစ်ခဲ့ပါတယ်ဗျာ..
    ကောင်မလေးနဲ့ ပန်းခြံသွားတာတို့၊ အင်းယား ကန်ဘောင်ပေါ်သွားတာတို့ မမေ့နိုင်ပါဘူး...
    အဆင်ပြေတယ်မလား။

    ReplyDelete
  10. လျှောက်လမ်းလေးကို နှစ်သက်တယ်။
    ဒါ တကယ့်ကို အမှတ်တရတွေပါပဲ
    လူတိုင်းကိုယ်စီ အမှတ်တရတွေပေါ့နော်
    စာသားလေးတွေ သဘောကျပါတယ်။
    ဆက်ရေးပါအုန်းလားနော်။

    ReplyDelete
  11. လမ်းကလေးက ပြန်မပြောပြတဲ့ပြုံပင်တွေကတော့ အများကြီးပေါ့ ကိုဝင်းဇော်ရယ်..

    ReplyDelete
  12. ဘဝခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လမ်းလေးများကို ပြန်ပြောင်း အောက်မေ့မိတယ်။ တချို့လဲ ပီပြင် ထင်ရှားဆဲ။ တချို့ကတော့ မှုန်ဝါးဝါးသာ။ လျှောက်လမ်းလေးများ သာယာနိုင်ကြစေ ဆုတောင်းပေးရင် အတွေးလေးကို ပုံဖော် ကြည့်ရှုသွားပါတယ် ကိုဝင်းဇော်။ အားပေးနေလျက်။

    ReplyDelete
  13. သာယာဖြောင့်ဖြူးတဲ့လမ်းကလေးကို လျှောက်
    လှမ်းနိုင်ပါစေ မောင်ဝင်းဇော်ရေ။

    ReplyDelete
  14. အင်းလျားလမ်း
    ပိတောက်လမ်း
    မောင့်သဘောလမ်း
    ( မဟုတ်ဘူး )
    ငါမပိုင်သောလမ်း
    တစ်ခုခုပဲနော်
    ကိုဝင်းဇော်ရဲ့လမ်းမှာ ဆူးတွေ ချိုင့်တွေ မရှိပါစေနဲ့လို့
    ဆုတောင်းပေးပါတယ်

    ReplyDelete
  15. ၀ါကျန့်ကျန့် မာကျူရီ မီးရောင်အောက်မှာ
    လမ်းဆက်လျှောက်နေမယ် .. ..

    ReplyDelete
  16. သဏ္ဍာန်အမျိုးမျိုးနဲ့ လျှောက်လမ်းလေး အတိုင်း ပြေပြေပြစ်ပြစ်နဲ့ မယိုင်းမယိမ် လျှောက်လှမ်း နိုင်ပါစေ ဘော်ဒါကြီး။

    ReplyDelete
  17. ကိုဝင်းဇော်နဲ့ လမ်းလျှောက်သွားပါတယ်။
    အဟိ ...
    ပလေးဘွိုင်းသန်းနိုင်ရဲ့ လမ်းဆက်လျှောက်မယ် သီချင်းကို အမှတ်ရတယ်။
    ကိုဝင်းဇော်ရဲ့ လျှောက်ရမယ့် ဘ၀လမ်းလေး တွေ ချောမွေ့ပါစေနော်

    ReplyDelete
  18. လျောက်လမ်းကိုဖတ်ပြီးတော့ ဘယ်လမ်းကိုလျောက်လျောက် အဆင်ပြေချောမွေ့လာမှာပါ အကိုဝင်းဇော်။

    ReplyDelete
  19. လိုင်းမကောင်းလို့
    ဆန့်ငင်ဆန့်ငင်နဲ့ အရောက်လာပါတယ်
    ကျိုင်းတုံကို မရောက်ဖူးသေးဘူး
    နာမည်ကြီးတဲ့ နောင်တုံကန်နဲ့
    မဟာမြတ်မုနိကို မြင်ဖူး ချင်ပါသေးတယ်

    ReplyDelete
  20. ချစ်စရာ အက်ဆေးလေးကို ဖတ်သွားတယ်။
    ခလုတ်မထိဆူးမငြိပါစေနဲ့ပေါ့။

    ReplyDelete
  21. အမှတ်တရ ရေးထားတာ ဖတ်လို့ ကောင်းတယ်... လမ်းတွေ အများကြီး လျှောက်ခဲ့ဖူးကြပေမယ့် ကိုယ်အမှတ်ရတဲ့ လမ်းလေး ကိုတော့ ၀မ်းသာ ၀မ်းနဲ တိုင်း သတိရကြတာပဲနော်။

    ReplyDelete
  22. မမေ့နိုင်တဲ့ လျှောက်လမ်းလေးအတိုင်း ပျော်ပျော်ကြီး ဆက်လျှောက်နိုင်ပါစေ။
    ခလုပ်မထိ ဆူးမညိပါစေနဲ့ ..

    ReplyDelete
  23. ပုံပြင်လေးတွေအဖြစ်နဲ့ ချန်ထားရစ်တဲ့ အမှတ်တရလမ်းလေးတွေ များမှများပါပဲ
    အမှတ်တရတွေ ပါ။။။

    ReplyDelete
  24. prulapout http://comprare-kamagra.wikidot.com http://motrin.wikidot.com http://buy-mobic.wikidot.com prulapout

    ReplyDelete