Friday, February 20, 2009

ဆုံနေကျအိပ်မက်ထဲ

မနေ့ကနဲ့ မတူတဲ့ ဒီဘက်နေ့တွေရဲ့လှုပ်ရှားမှုများက အရင်ကထက် သွတ်လက်ပေါ့ပါး လွန်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။ ဘာပဲ လုပ်လုပ် စိတ်လက် ပေါ့ပါးနေပြီး ဖျက်ဖျက်လတ်လတ် ရှိလှတယ်။ အတွေးအခေါ် တွေကလည်း ကြည်လင် တောက်ပနေတယ်လို့ ခံစားရမိတယ်။ စိတ်ရွှင်တယ်ဆိုတော့ ဘာလုပ်လုပ် သီချင်းတအေးအေးနဲ့မို့ ဒေါ်လေးတွေက မေးငေါ့ပြီး တစ်ယောက်ကို တစ်ယောက် လက်တို့ကြတယ်။ ခေါင်းထဲမှာ လုပ်စရာတွေ အစီအရီနဲ့ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမပြု မိပါဘူး။ မနက် ၅ နာရီခွဲကတည်းက အိပ်ယာထတယ်။ ကားတွေ အဆင်သင့်ဖြစ်အောင် ဘော်ဒီကိုအောက် ပို့ထားလိုက်တယ်။ ဘယ်သူ ဘယ်သွားသွား အဆင်သင့်ဖြစ်အောင်ပါ။ (စေတနာလို့ မထင်လိုက်ပါနဲ့ အပြင်ထွက်စရာရှိလို့ ခေါ်ရင် မရှိလို့ကတော့ ကွိုင်တက်နိုင်တယ်လေ၊ ခေါင်းက ဒီလို ကြည်လင်နေတာ) ဂျင်းပန်ကိုစွပ် စီအင်န်စီကိုဝတ်ပြီး အစိမ်းရောင်တွေ ဖြည့်ထားတဲ့ သာရေပိုက်ပိုက်အိတ်ကို ခါးကြားထိုးပြီး လမ်းထိပ်ထွက်ခဲ့တယ်။ ဘယ်လဲ ... လို့ လှမ်းမေးတော့ လဘက်ရည်သွားသောက်မလို့ ဆိုပြီး ခပ်သွက်သွက်လေး ထွက်လာခဲ့တယ်။

ဖုန်းမပြောဖြစ်တာ တစ်နည်းအားဖြင့်တော့ ဖုန်းမဆက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ ဖုန်းမပြောဖြစ်တာ ဟန်းဆက် မရှိလို့ ဖုန်းမရှိလို့တော့ မဟုတ်ပါဘူး။ ဖုန်းဆက်ပြောစရာ ဘော်ဘော်လည်း မရှိ၊ ဖော်ဖော်လည်း မရှိတာကြောင့်ပါ။ သိပ်သနားစရာကောင်းတဲ့ ကိုယ့်ဘ၀လေးလို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မိပါသေးတယ်။ အိမ်မှာ နံပါတ် ၉ လုံးနှိပ်ရင် သတိပေးခံရမယ်။ နယ်ဝေးဆိုရင် မေးမနေနဲ့ ဆက်စရာမလိုဘူး။ ဒီလို ချွေတာတဲ့ အကြောင်းလေးတွေရှိတယ်။ ဒေါ်လေးတွေက ပျိုပျိုကြီးတွေဖြစ်ပြီး သာလိက၊ စာကလေး၊ ကတ္တ၀ါ တွေ ၀င်စားထားတာ ဆိုတော့ နားပူတာ မခံနိုင်ပါဘူး။ ဒါကြောင့် ဖုန်းပြောစရာရှိရင် လမ်းထိပ်ကိုပဲ ထွက်ရတယ်။ ဆသရ ကမမကြီးတွေ မရောက်သေးရင် ယောင်လည်လည်နဲ့ လဘက်ရည်ဆိုင်ကနေ စောင့်နေရတယ်။ ရောက်လာရင် ကိုယ်ကဦးအောင် နေရာယူရတယ် နယ်ဝေးဆက်မှာဆိုတော့ အချိန်ပေးရတတ်တယ်လေ။ ညနေခင်းဘက်ဆိုရင် ဒီဘက်က လူရှင်းပေမယ့် ဟိုဘက်အဆောင်မှာ လိုင်းတွေ ပြွတ်သိပ်မှုနဲ့ ကြုံတွေ့ရတတ်တာ ခဏခဏပါ။ ဒီလိုနဲ့ ရှိန်းမြမြ ကလေးအသံ လွင်လွင်လေးကို နားဆင်နိုင်ဖို့အတွက်နဲ့ မနက်တစ်ချိန် ညနေတစ်ချိန် မဖြစ်မနေ ဖုန်းဆက်ဖို့ ကျေနပ်စွာနဲ့ ဒီဂျူတီကို တိုးယူလိုက်တယ်။

အနေမနီးပေမယ့် အလှမ်းဝေးတယ် မထင်မိပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဆက်နွယ်နေတဲ့ မသိစိတ်လေးကြောင့် အနေနီးနေခဲ့တယ်။ မမြင်မတွေ့ နိုင်ပေမယ့် မျက်ဝန်းထဲက မထွက်နိုင်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဘေးချင်းယှဉ်ရှိစေမယ့် ကြယ်စုံညရဲ့ အိပ်မက်လေးတွေ  အမြဲရှိနေခဲ့တယ်။ ဆုတောင်း မပြည့်သေးပေမယ့် စိတ်ဆောင်လိုက် လေတိုင်း လေပြေနဲ့အတူ အပြေးအသော့နှင်လာမယ့် မင်းရဲ့ ရယ်သံလေးကို ရင်နဲ့အပြည့် ဖမ်းဆုပ်ထားမြဲဖြစ်တယ် ဆိုတာ ယုံကြည်စေချင်တယ်။ ချိုမြိန်တဲ့ အရသာရှိပေမယ့် အောင့်သော နာကျင်မှုကိုပေးတဲ့ ကြင်နာမှုတွေကို အပြုံးမပျက် ပူဆာယူလျက်ပါ။  အချစ်ကို တင်ကြို အိပ်မက်မက် တတ်သူဟာ အချစ်ချောက်ထဲကိုကျဖို့ ပိုပိုနီးစပ်စေဆိုတာ သိနေပေမယ့် နှစ်ဦးသားဆုံနေကျ အိပ်မက်ထဲကိုပဲ တိုးလို့ မြင်မက်နေဆဲပါ။ ညတိုင်းမြင်မက် အိပ်မက်တိုင်းမှာ မင်းသာ အမြဲနေရာယူဆဲပါ .... .... ။

love Pictures, Images and Photos
ပုံကို photobucket ကနေ ယူသုံးထားတယ်နော်။

29 comments:

  1. ဘယ်လောက်ပဲ ဝေးတယ်ပြောပြော
    လာချင်ရင် အနီးကလေးပါတဲ့ စကားပုံတောင် ရှိသေးတယ်။
    မလာချင်လို့ မနီးတာ ဖြစ်ပါမယ်။
    သူလေးက ဘယ်ကလည်း???

    ReplyDelete
  2. အကိုရေ ..
    ရေခြားမြေခြား မှာ မနေ မနားကြိုးစားနေရတယ် ဆိုပေမယ့်
    တစ်နေ့ နှစ်ခေါက် မင်း ရဲ့ ရှေ့ တော် မှောက်
    အခစားရောက်ချင်တယ် ဆို တဲ့ သဘောပေါ့...။

    သူလေးက ဘယ်မှာလည်းဟင်... သွားခေါ်ပေးရမလား ..။

    ReplyDelete
  3. ကိုဝင်းဇော်ကြီး အဆင်ပြေတယ်ဟုတ်..:)
    ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  4. ဒီလိုနဲ့ ရှိန်းမြမြ ကလေးအသံ လွင်လွင်လေးကို နားဆင်နိုင်ဖို့

    ချစ်သူရဲ့ အသံလေးကို တင်စေားထားတာ သဘောကျတယ်း) ဟဲဟဲ ဘာပြောရမလဲ ကိုယ်က လွမ်းနေတာ ဒီမှာက ချစ်ပြနေတော့ အဆင်ပြေပါစေပေါ့နော့် ။

    ReplyDelete
  5. စာသားဖန်တီးမှုလေးတွေ လန်ထွက်နေတယ်
    ဟုတ်သော ၊ မဟုတ်သော မသိ
    နောက်မှ လွမ်းတယ်ဆိုရင်
    ခဲနဲ့ လာထုမှာ ...

    ReplyDelete
  6. ကိုဝင်းဇော်ကြီးခုတော့ အမြန်နေကောင်းတော့မှာပေါ့ ဖုန်းဆက်ပြီးပြီဆိုတော့ ဟီး၂

    ReplyDelete
  7. မောင်ဝင်းဇော်ရေ့ရောက်ပါတယ်။
    အမှန်တွေပြောနေသလိုပဲ။
    ကဲ ဘယ်တော့လည်း ဒီအတိုင်းတော့ မရဘူးနော်။
    ဖုန်းဖိုးတော့ ကုန်မှာ၊ နှမြောစရာ။
    ကုန်ရကျိုးနပ်ပါစေ ။

    ReplyDelete
  8. တစ်ဦးနဲ့တစ်ဦး ဆက်နွယ်နေတဲ့ စိတ်လေးကြောင့် အမြန်ဆုံးနီး ပါစေလို့

    ReplyDelete
  9. ညတိုင်းမြင်မက်
    အိပ်မက်တိုင်းမှာ
    မင်းသာ
    အမြဲနေရာယူဆဲပါ
    ချစ်သူရယ် .. ..
    (ပွားသွားပါတယ်)
    အဆင်ပြေပါတယ်နော်။

    ReplyDelete
  10. စာတွေ လာလာဖတ်ဖြစ်ပါတယ်။
    ကိုယ်တွေ့လေလား
    တကယ့်ခံစားချက်လေလားပဲ

    ReplyDelete
  11. အိပ်မက်နဲ့ပဲ တင်းတိမ်မနေပါနဲ့
    လိုက်သာသွားလိုက်တော့
    စေတနာနဲ့ ပေါတာနော်။
    နောက်မှ ငိုနေတာ မတွေ့ချင်ဘူး (ဟီး၂)

    ReplyDelete
  12. ကိုဝင်းဇော်ရေ မြန်မြန်နီးစေလို့ဆုတောင်းခဲ့တယ်နော်

    ReplyDelete
  13. ဟေ့)))
    စကားလုံးလေးတွေ မိုက်လှတယ်လား
    ဘာတွေ ကြည်နူးနေလဲလာကြည့်တာ
    အပေါ်ကပြောတဲ့အတိုင်း အမြန်နီးစပ်ပါစေ။

    ReplyDelete
  14. ကိုဝင်းဇော်ကြီး အဆင်ပြေနေပြီပေါ့လေ..
း)

    ReplyDelete
  15. ဟင်းဟင်းဟင်း...ထမင်းနဲ့ စား ဟီးး...စတာ..ဘာဆို ဘာမှကြောတော့ဘူး

    ReplyDelete
  16. မောင်လေးဝင်းဇော်ရေ အဲ့လောက်တောင်လားဗျို့

    ReplyDelete
  17. အဆင်ပြေနေတယ်ပေါ့..။ ဆက်လက်ချီတက်နိုင်ပါစေ :)

    ReplyDelete
  18. အချစ်နဲ့တွေ့ရင် နူးညံ့ပျော်ရွှင်နေတယ်တဲ့... အစ်ကိုလဲ ပျော်ရွှင်နေပုံရတယ်... ဘေးလူတွေကတောင် ကြည်နူးရတယ်....

    ReplyDelete
  19. အော်.. အချစ် အချစ်။ အင်းဗျာ.. မြန်မြန်နီးနိုင်ကြပါစေ။ ချစ်သူတွေ ချစ်တိုင်းညားကြပါစေဗျာ။

    ReplyDelete
  20. ပျော်စရာကြီး
    ဆုတောင်းပေးပါတယ်
    ပျော်ရွှင်အဆင်ပြေစေဖို့ရယ်ပါ။
    ဒီလိုနဲ့တော့ မပြီးဘူးနော်။

    ReplyDelete
  21. ပျော်ရွှင်စေဖို့ ဆုတောင်းတယ်အစ်ကို။
    မရောက်ဖြစ်တာနဲ့ပဲ ဘယ်အချိန် အဆင်ပြေသွားတယ်မသိဘူး။
    နီးနီးချစ်ချစ်
    ဝေးဝေးချစ်ချစ်
    ဆန္ဒတွေ ထပ်တူ ကျနေမယ်ဆိုရင်
    နှစ်ကိုယ့်တစ်စိတ်ပါပဲ။

    ReplyDelete
  22. ကိုဝဲကမ်း.... ညကရော ဘယ်လိုပဲ ဆုံနေကျ အိမ်မက်ထဲမှာ ဆုံရဲ.လားးး

    ReplyDelete
  23. ဆုံနေကျအိပ်မက်ထဲမှာ
    ပျော်ရွှင်နိုင်ပါစေ ..
    cheer ...... )))))

    ReplyDelete
  24. ဆုံပါစေ လူပျိုသိုးကြီးဘ၀က မြန်2 လွတ်မြောက်ပါစေ ..
    အဟီး2
    အော် ချစ်တက်လာလေလေ ကောင်း2
    ရေးတက်လာလေလေပါလား ။
    အားပေးတယ်နော်

    ReplyDelete
  25. အဲလိုလေးတွေ လုပ်စမ်းပါ...။
    အလွမ်းကဗျာတွေချည်း ဖတ်နေရတာ....။

    ReplyDelete
  26. ကိုယ့်ဆရာ... ဒါရည်းစားချော့တေးလား၊ ပို့စ်လား မသဲကွဲဘူးဗျ။ အဟိ...................။

    ReplyDelete
  27. ဘလော့မှာ ဖိတ်စာလေး အမြန်ဆုံးတင်ရန်
    အကြံပြုသွားပါတယ်...

    ReplyDelete
  28. Love is Just a Word untill you find Someone to give it Definition...!!!
    အဲဒီစာလေးကို ကြိုက်တယ်...

    ReplyDelete
  29. စိုင်းနောင့် ပြောသလိုပါပဲ...
    နီးနီးချစ်ချစ်
    ဝေးဝေးချစ်ချစ်
    ဆန္ဒတွေ ထပ်တူ ကျနေမယ်ဆိုရင်
    နှစ်ကိုယ့်တစ်စိတ်ပါပဲ။ ..တဲ့
    ပျော်ရွှင်နေတယ်ဆို ကျေနပ်တယ် ... ကိုယ်လည်းပျော်ချင်တယ်...ဒါပေမယ့်။
    ပျော်ရွှင်ပါစေရှင်.....
    (မနာလိုဘူး...သ၀န်တိုတယ်နော်...ဟိ)

    ReplyDelete