Tuesday, June 16, 2015

ကမ္ဘာ့နည်းပညာ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်ပေါ်လာသော အဆိပ်ကန်ကြီး





မွန်ဂိုးလီးယားနိုင်ငံ ရဲ့အတွင်းကျကျ ချောင်တစ်နေရာမှာ အဆိပ်ကန်ကြီး တစ်ကန် ရှိပါတယ်။ တစ်ကမ္ဘာလုံးက သုံးနေတဲ့ စမတ်ဖုန်း ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ၊ ဝတ်ဆင်နိုင်တဲ့ နည်းပညာအပြင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့ ပြောနေကြတဲ့ စိမ်းလန်း နည်းပညာ တွေကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့် ဓာတုစွန့်ပစ် ရေတွေ ဒီကန်ကြီးထဲ စုနေတာပါ။ မြို့တစ်မြို့စာ လောက်ရှိတဲ့ Baogang Steel and Rare Earth ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင် စက်ရုံကြီးက မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို အပြည့် နေရာယူထား ပါတယ်။

ကောင်းကင်ယံကို စိတ်ကြိုက် ပုံသွင်းနေတာ ကတော့ မိုးထိအောင် မြင့်မားနေတဲ့ အအေးခံ အဆောက်အအုံ မြင့်တွေရယ် ၊ မီးခိုးတလူလူ ထွက်နေတဲ့ ခေါင်းတိုင် တွေရယ်ပါပဲ။ ဒီမြို့တစ်မြို့စာ စက်ရုံကြီးရဲ့ အနောက်ဘက် တစ်ခြမ်းလုံးမှာတော့ နောက်ထပ် မြို့တစ်မြို့စာ လောက်ရှိတဲ့ ကန်ကြီးတစ်ကန် ရှိပါတယ်။ ဒီကန်ထဲမှာ ရှိနေတာ ရေတွေတော့ မဟုတ်ပါဘူး။ မည်းနက် ချွဲကျိ နံစော် နေတဲ့ အဆိပ်သင့် စွန့်ပစ်ဓာတု အညစ်အကြေး တွေသာ ဖြစ်ပါတယ်။

ဒီကန်ကြီးထဲကို အညစ်အကြေး ရေတွေက ပိုက်ဒါဇင်ပေါင်း များစွာကနေ စီးဝင် နေပါတယ်။ ကန်ပတ်ပတ် လည်က သန့်စင်စက် ရုံတွေကနေ ဂျိမ်းခနဲ ရေဆိုးတံခါး ဖွင့်လိုက်သံ၊ ဒီရေဆိုးတွေ ပိုက်လုံး ကြီးတွေထဲကနေ ဝေါခနဲစီးလာသံ၊ ရေကန်ကြီး ထဲကို ပွက်ခနဲ၊ ပွက်ခနဲ ကျသွားသံ၊ ထောင်းခနဲထွက် လာတဲ့ ဆာလဖာ အဆိပ်ငွေ့ အနံ့တွေဟာ တကယ်ပဲ ငရဲပြည် ရောက်နေသလို ခံစားရပါတယ်။

ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်တဲ့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တို စက်မှုမြို့ တစ်မြို့သာ ရှိပါသေးတယ်။ ဘောင်တိုမြို့ ဟာ မွန်ဂိုလီးယားမှာ တော့ အကြီးဆုံး စက်မှုမြို့ကြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဖြန့်ချိရောင်းချ နေတဲ့ စမတ်ဖုန်းနဲ့ အခြား ဝတ်ဆင်နိုင်တဲ့ နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ဖို့ တရုတ်နိုင်ငံက ဒီမြို့မှာလာပြီး သူ့ကုန်ကြမ်း တွေကို ကုန်ချောပြင် ပါတယ်။ ဒီ ကုန်ချောပြင်ဖို့ မြို့တစ်မြို့စာ လောက်ကြီးတဲ့ ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင်စက်ရုံ ကနေ အခုလိုပဲ မယုံနိုင် လောက်တဲ့ ဓာတုစွန့်ပစ် ရေတွေ စွန့်ထုတ် နေတာပဲ ဖြစ်ပါတယ်။

ဘောင်တိုမြို့ အကြောင်း ကြားဖူးတဲ့သူ ခပ်ရှားရှားပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ စမတ်ဖုန်းကနေ အီလက်ထရွန်းနစ် ပစ္စည်းတွေ အားလုံးအတွက် လိုအပ်တဲ့ ကုန်ကြမ်းကို အကြီးဆုံး၊ အများဆုံး သန့်စင် ပေးနေတဲ့ စက်မှုမြို့ကြီး ဖြစ်ပါတယ်။ ဒီ စက်မှုမြို့ကြီးရဲ့ အဆိပ်ကန်ကြီးဟာ တစ်ကမ္ဘာလုံးရဲ့ နည်းပညာ ဆာလောင်မှုကြောင့် ဖြစ်လာတာ လို့ပြောရင် မှားမယ် မထင်ပါဘူး။

အီလက်ထရွန်းနစ် ပစ္စည်းတိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ သံလိုက် တစ်မျိုးတည်းကိုပဲ စဉ်းစားကြည့် ရအောင်။ ၂ဝဝ၉ ခုနှစ်မှာ ကမ္ဘာ့သံလိုက် လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းကို တရုတ် တစ်နိုင်ငံ တည်းက ဖြည့်ဆည်းခဲ့ ပါတယ်။ အဲဒီ ၉၅ ရာခိုင်နှုန်းသော တရုတ်သံလိုက် ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်း ရှိတဲ့ ကုန်ကြမ်းကို ဘောင်တိုမြို့ရဲ့ မြောက်ဘက် က ဘရမ်းအိုဘို သတ္တုတွင်း ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး လောကမှာ ပြိုင်ဘက်ကင်း နေရခြင်းကိုက ရှားပါးသတ္တု တွေကို အများဆုံးနဲ့ အမြန်ဆုံး ပိုင်ဆိုင် သန့်စင်ရောင်းဝယ် အသုံးပြုနိုင် လို့ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် ပံ့ပိုးပေး နေတာကတော့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တိုမြို့ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ လျှို့ဝှက် စီးပွားရေးခံတပ် မြို့ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိပ်ကန်တွေ၊ လျှို့ဝှက် ခံတပ်တွေ၊ သတ္တုတွင်း တွေကိုတွေ့ လို့ ဘောင်တိုမြို့ ဟာ လူသူကင်းမဲ့ နေတဲ့ တစ္ဆေမြို့လို့တော့ မထင်လိုက်ပါနဲ့။ ၁၉၅ဝ ပြည့်နှစ်မှာ လူဦးရေ ၉၇ဝဝဝ ပဲရှိခဲ့တဲ့မြို့မှာ အခုဆိုရင် မြို့နေလူထု ဦးရေ ၂ သန်းခွဲ အနည်းဆုံး ရှိပါတယ်။

ဒီတော့ ဘောင်တိုမြို့ ဘာဖြစ်နေလဲ။ တရုတ်အတွက် သတ္တုသန့်စင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ပေးနေရပေမယ့် တိုးတက်ပြောင်းလဲ လာတဲ့ခေတ် အခြေအနေ၊ အဆမတန် များလာနေတဲ့ လူဦးရေ၊ ဒီ လူဦးရေနဲ့  မကိုက်ညီ တော့တဲ့ မြို့ပြစနစ်၊ အစရှိတာတွေဟာ ညှိမရဘဲ အပြိုင် အစွန်းထွက်နေတဲ့ ပြဿနာတွေ ဖြစ်လို့လာ နေပါပြီ။ သတ္တုသန့်စင် လုပ်ငန်းအတွက် တစ်မြို့လုံး အနှံ့ မီးကြိုး၊ ဖုန်းကြိုးတွေ သွယ်တန်း ထားသလိုပဲ ဧရာမရေဆိုး ထုတ်ပိုက်တွေကို သွယ်တန်း ထားပါတယ်။ လမ်းအောက်မှာ၊ လမ်းဘေးမှာ၊ လမ်းပေါ်မှာ၊ တံတားနဲ့ ယှဉ်လျက် ဘယ်နေရာကို ကြည့်ကြည့် ရေဆိုးထုတ်ပိုက်တွေ ရှိနေပါတယ်။ လမ်းတွေပေါ်မှာ စက်ရုံ အလုပ်ရုံပေါင်း မြောက်မြားစွာ အတွက် ဒီဇယ်နဲ့  ကျောက်မီးသွေး သယ်ယာဉ်ကြီး တွေဟာ ၂၄ နာရီပတ်လုံး ဥဒဟိုပြေးလွှား နေပါတယ်။

ဒီမြို့ကြီး ဆက်လက်ရှင်သန် နိုင်ခြင်းရှိ - မရှိ၊ ဖော်ပြခဲ့တဲ့ အဆိပ်ကန်ကြီးရဲ့  ကမ္ဘာ့မြေအောက် ရေနဲ့ ဂေဟစနစ်ကို ဒုက္ခပေးနိုင်မယ့် အဖျက်စွမ်းအား ၊ အဲဒီမြို့ရဲ့ လေထုညစ်ညမ်း မှုနှုန်း၊ ဘာကြောင့် တရုတ်နိုင်ငံက မွန်ဂိုလီးယား ထဲမှာ ဒီလို သန့်စင် စက်ရုံကြီး တွေ တည်ဆောက် အသုံးပြုတာလဲ ဆိုတာတွေကို မတွေးခင်၊ မမေးခင်၊ မဖြေခင် မှာကျွန်တော်တို့ လက်နဲ့မကွာ ဆောင်ထားကြတဲ့ စမတ်ဖုန်း တွေရဲ့ နောက်ကွယ်မှာ ဒီလိုကြီးမားတဲ့ အဆိပ်ကန် ကြီးတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို အသိ၊ သတိရှိကြဖို့ လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။

ဝင်းဇော်

Thursday, June 11, 2015

မတ်တတ်ရပ်လိုက်ပါ



မတ်တတ်ရပ်လိုက်ပါ

လူတွေ ထိုင်လွန်း ပါတယ်။ မနက်အိပ်ရာ ထထချင်း ခုတင်ပေါ်မှာ ထိုင်နေလိုက် ပါသေးတယ်။ အဝတ်အစားကို ထိုင်ပြီး ဝတ်ပါတယ်။ ဧည့်ခန်းမှာ၊ ထမင်းစား စားပွဲမှာ ၊ အလုပ်စားပွဲမှာ၊ ဘတ်စ်ကား ပေါ်မှာ၊ ဖုန်းပြောတဲ့ အခါမှာ၊ တီဗွီကြည့်တဲ့ အခါမှာ ထိုင်နေကြတာ ချည်းပါပဲ။ အဆိုးဆုံး ကတော့ ရုံးဝန်ထမ်း တွေပါ။

ရုံးဝန်ထမ်းတွေဟာ ထိုင်ခုံမှာထိုင်လို့ နောက်ကျောကို မှီပြီး တစ်နေကုန် တစ်နေခန်း နေပုံများ ကားစီးရင်လဲ ဒီပုံ၊ အိမ်မှာ နေလဲဒီပုံပဲ ဖြစ်ပါတယ်။ ကျောမှာတင် ထိုင်ခုံကပ်နေတဲ့ ဘဝကနေ ခုန်ထွက်ပြီး လှုပ်လှုပ်ရှားရှား အမြန်ဆုံး မလုပ်ဘူး ဆိုရင် နောက်ပိုင်း Gym တွေ ဘယ်လောက် သွားသွား သက်သာ ပျောက်ကင်း တော့မှာ မဟုတ်တဲ့ ဝေဒနာတွေကို ခံစားရတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက ရုံးတွေမှာ ''မတ်တတ်ရပ်ပါ'' လို့ အဓိပ္ပာယ် ရတဲ့ On Your Feet စာတန်းတွေ စတင်ချိတ်ဆွဲ လာကြပါပြီ။ အပတ်စဉ် အစည်းအဝေးတွေ မှာလဲ ဝန်ထမ်းတွေ သတိရတိုင်း မတ်တတ်ရပ် ပေးဖို့ ၊ လမ်းများများ လျှောက်ပေးဖို့ ၊ မတ်တတ် အစည်းအဝေး ၊ မတ်တတ် စားပွဲတွေကို ရွေးချယ်ဖို့ တိုက်တွန်း စည်းရုံး လာကြပါတယ်။ လှုပ်ရှားမှု နည်းပါးခြင်း ဟာ ကျန်းမာရေး အတွက် အကြီးမားဆုံး စိန်ခေါ်မှု တွေထဲမှာ ပါတယ်လို့  ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

အချို့က ကြည့်လိုက်မယ် ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုယ် အလေးချိန် ရှိကြပါတယ်။ တချို့ရုံးကို လမ်းလျှောက် သွားတာ ၊ စက်ဘီး နဲ့ သွားတာမျိုး လုပ်ပြီး တစ်နေကုန် သွားထိုင်မှာကို ကာမိအောင် ကိုယ်လက် လှုပ်ရှား လုပ်ကြပါတယ်။ ဒါပေမဲ့ အထိုင်များရင် များသလို ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အထိုင်များ လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် နှေးလာပြီး ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ် ကို ထိန်းချုပ်တဲ့ နှုန်း၊ သွေးပေါင်ချိန် နဲ့ အဆီ ချေဖျက်မှုနှုန်း တို့ကို အနှောင့်အယှက် ပေးပါတယ်။ နှလုံးရောဂါ၊ Type 2 ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ စိတ်ကျန်းမာရေး ချို့တဲ့မှု တွေအားလုံးဟာ အထိုင်များရင် ဖြစ်လာနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထိုင်များ သူတွေ လှုပ်ရှားလာကြ စေဖို့ ဗြိတိန် နှလုံး ဖောင်ဒေးရှင်း က ''ဗြိတိန် လူမျိုးများ မတ်တတ်ရပ် ကြပါ'' လှုပ်ရှားမှုကို စတင်နေခြင်း ဖြစ်ပါတယ်။

သင်သတိရတာနဲ့ မတ်တတ်ရပ် လိုက်ပါ။ ညောင်းလာရင် ပြန်ထိုင်လိုက်ပါ။ အခွင့်အရေး ရတိုင်း လမ်းခေါက်တုံ့ ခေါက်ပြန် လျှောက်ပေးပါ။ လမ်းလျှောက် သွားလို့ရတဲ့ နေရာတွေကို လမ်းလျှောက်သွားပါ။ လှေကားတက် လေ့ကျင့်ခန်း ဟာ နှလုံးအတွက် အလွန်ကောင်း မွန်ပါတယ်။ ဓာတ်လှေကား အစား လှေကားထစ်ကို ရံဖန်ရံခါ ရွေးချယ်ပါ။ သင် မတ်တတ်ရပ် လိုက်ရုံနဲ့ တစ်နာရီကို ကယ်လိုရီ ၅ဝ ပိုပြီး လောင်ကျွမ်း ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ လောက်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် အခုခေတ် လူသားတွေရဲ့ လှုပ်ရှားမှုဟာ အလွန် နည်းပါးလာ နေပါတယ်။ လက်မှုလုပ်ငန်း ဆိုတာ ရှားသွားပါပြီ။ နေရာတိုင်းမှာ စက်တွေသုံးလာ ကြပါတယ်။ နောက်ဆုံး တူတွေ၊ လွှတွေ၊ ဆောက်တွေ ကိုင်ရတဲ့ လက်သမား တွေတောင် စက်သမားတွေ ဖြစ်လာကြပါပြီ။ တစ်ဖက်က ကြည့်မယ်ဆိုရင် တိုးတက်မှု တစ်ရပ်ပေါ့။ ကျန်းမာရေး ပိုင်းမှာတော့ ကြီးမားတဲ့ ဆုတ်ယုတ်မှုကြီး တစ်ရပ် ဖြစ်နေပါတယ်။

ဒါ့ပြင် ရုံးတွင်း ဆက်သွယ်ရေးတွေ ကောင်းမွန် လာတာနဲ့အမျှ လူတွေဟာ ဟိုဘက် စားပွဲလောက် ကိုတောင် လမ်းလျှောက် မသွားကြ တော့ပါဘူး။ အီးမေးလ်၊ ချက်တင်၊ ဖုန်းတွေနဲ့ပဲ အလုပ်လုပ် လာကြပါတယ်။ သွေးလေတွေ ထိုင်းမှိုင်းပြီး ဖန်တီးမှု စွမ်းအား၊ အလုပ် ပြီးမြောက်မှု စွမ်းအားတွေ အားလုံးကို ထိခိုက် ပျက်စီးစေပါတယ်။

အဆိုးဆုံးကတော့ ဖုန်း ၊ ကွန်ပျူတာ ၊ တီဗွီဖန်သားပြင် သုံးမျိုးကို မခွာနိုင်အောင် စွဲလမ်းတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ကြာရင် ကုပ်နဲ့ ဇက် အထူးကု ဆရာဝန်တွေ ၊ လက်ချောင်း ၊ လက်ကောက်ဝတ် အထူးကု ဆရာဝန်တွေ ထွက်ပေါ်လာတော့ မှာဖြစ်ပါတယ်။ ကုပ်၊ ဇက်၊ လက်ချောင်း၊ လက်ကောက်ဝတ် တွေကို တစ်ချက်မှ အနားမပေးဘဲ သုံးနေကြလို့ပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေး၊ နည်းပညာ၊ စက်မှု ကိရိယာနဲ့ လျှပ်စစ် စွမ်းအင်တွေ အထူးဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်တဲ့ ဒီကမ္ဘာပေါ်မှာ လူတိုင်းလိုလို အထိုင်များ လာကြပြီး ကိုယ် လက် လှုပ်ရှားမှု နည်းနေတဲ့အတွက် မကြာခင်မှာပဲ ကြီးလေးတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ ရနိုင်တယ်ဆိုတာ ကို လေ့လာ ရေးသားတင်ပြ လိုက်ရပါတယ်။

Tuesday, June 9, 2015

ရေဘယ်လောက် ပူနေပြီလဲ .. .. ..



''ရှေးရှေးတုန်းက ဖားကလေး တစ်ကောင်ဟာ ဒယ်အိုး တစ်လုံးထဲကို မတော်တဆ ပြုတ်ကျ သွားပါတယ်။ ဒယ်အိုးထဲမှာ အေးမြ ကြည်လင်တဲ့ ရေအပြည့် ရှိတော့ ဖားလေးဟာ ပြန်မထွက် တော့ဘဲ ပျော်ရွှင်စွာ ကူးခတ် နေလိုက်ပါတယ်။ ဒါပေမဲ့ ဒယ်အိုး အောက်မှာ မီးဖိုထားတယ် ဆိုတာ ဖားလေး မသိပါဘူး။ ရေဟာ တဖြည်းဖြည်း ပူလာပါတယ်။ ဖားလေး သတိမထားမိ ပါဘူး။ ရေဟာ အတော် ပူလာပါပြီ။ ဖားလေး သတိထားမိ ပါပြီ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် ဟာ ပူပြင်းတဲ့ ရေပူ ဒဏ်ကြောင့် ပျက်စီးစပြု နေပြီမို့ ဖားလေးဟာ ဒယ်အိုးထဲ ကနေ ရုန်းထွက်ဖို့ အင်အား မရှိတော့ ပါဘူး။'' ဒါဟာ အင်တာနက် ဆိုတဲ့ ဒယ်အိုးကြီး ထဲမှာ ပျော်ရွှင်စွာ ကူးခတ်နေတဲ့ နည်းပညာ ချစ်သူတွေ၊ လူမှုကွန်ရက် ချစ်သူတွေ ၊ အွန်လိုင်းဂိမ်း ချစ်သူတွေ သတိထားရမယ့် ဖားပုံပြင်လေး ဖြစ်ပါတယ်။ တစ်ချိန်က အင်တာနက် စာမျက်နှာ တွေကို ကြည့်ရှုရာ ကနေ အီးမေးလ်တွေ ပို့ဖမ်းတာ လုပ်လာပါတယ်။ အဲဒီကနေ  ကိုယ်ပိုင် ဝက်ဘ်ဆိုက် ၊ ဘလော့ ၊ ဖိုရမ် တွေ တည်ဆောက်ပြီး ဂုဏ်ယူ ဝင့်ကြွား ခဲ့ပါတယ်။

အခု Facebook, Wechat, Viber, Twitter အစရှိတဲ့ လူမှုကွန်ရက် တွေကို ၂၄ နာရီမှာ တစ်နာရီတောင် မပိတ်နိုင်အောင် စွဲလမ်း နေကြပါပြီ။ မကုန်နိုင် မခန်းနိုင်တဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အွန်လိုင်း မိတ်ဆွေ၊ စိတ်ထင်ရာ ပြောလို့ ရတဲ့ စကားတွေ၊ ''ဒယ်အိုးအပူ မလွန်ခင် ရုန်းထွက် နိုင်ကြပါ့ မလား''။

Block လိုက်မယ်၊ Log ချ လိုက်မယ် ။ ။ အင်တာနက် သုံးပြီး အချိန်ဖြုန်းတဲ့ Cyberslacking ကို တားဆီးနိုင်ဖို့ တစ်ကမ္ဘာလုံးက အင်တာနက် ဆိုက်တွေကို ကြည့်ရှုနိုင်မယ့် အင်တာနက်ကို မပေးဘဲ ကုမ္ပဏီရဲ့ ဆာဗာကနေ ရွေးချယ် ဖော်ပြပေးတဲ့ ဆိုက်တွေကိုပဲ ကြည့်လို့ရတဲ့ အင်ထရာနက် ကို လွှင့်လာ ကြတယ်။ ဒါပေမဲ့ ဖွံ့ဖြိုး တိုးတက်မှု၊ ဆန်းသစ် တီထွင်မှု အားတွေ နည်းသွားတာပဲ ဖြစ်လာတယ်။ ဆိုက်မှန်သမျှ လွတ်လပ်စွာ ကြည့်ရှုနိုင်တဲ့ သူတွေကျတော့ အတွေး အမြင်တွေ ဆန်းသစ် နေပြန်တဲ့ အတွက် Block တာတွေ ၊ Log ချထား တာတွေကို ပြန်ဖြုတ်ခဲ့ ကြရတယ်။

အင်တာနက် Filter တွေ တပ်ခဲ့ကြတယ် ။ ။ အင်တာနက် ပေါ်က သန်းနဲ့ချီ ရှိနေတဲ့ ညစ်ညမ်း ဝက်ဘ်ဆိုက် တွေကို လူငယ်၊ အပျိုငယ်၊ အိမ်ထောင်သည် တွေကြည့်ပြီး အကျင့်စာရိတ္တ ပျက်ပြား ဖောက်ပြန် လာတာကို တွေ့ရတဲ့ အတွက် အဲဒီ ညစ်ညမ်းဆိုက် တွေကို ကြည့်လို့ မရအောင် Filter တွေခံပြီး ပိတ်ခဲ့ကြတယ်။ အကျိုးဆက် အားဖြင့် Proxy Over လို့ခေါ်တဲ့ ဘန်းကျော်ကြည့် နည်းတွေ အလွန် ခေတ်စားခဲ့တယ်။ မထူး တော့ပြီမို့ အဲဒီ Filter  တွေကိုလဲ ပြန်ဖြုတ်ခဲ့ ရတယ်။

Block လဲမရ၊ Log ချလဲမရ၊ Filter ခံလဲမရ နိုင်အောင် အင်တာနက် အလွဲသုံးစား လုပ်မှုကို ဆေးစွဲသလို စွဲနေကြတဲ့ မျက်မှောက်ခေတ် လူတန်းစားတွေကို ဒယ်အိုးထဲက ရေသိပ်မပူခင် ကယ်နိုင်ပါ့ မလားဆိုပြီး ပညာရှင်တွေက အောက်ပါ နည်းလမ်းတွေကို စမ်းသပ် ကြည့်ကြတယ်။

ပိတ်ထားပါ ။ ။ ကွန်ပျူတာ၊ ဖုန်းတို့ကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် လိုရင်းကို မရောက်နိုင်ဘဲ ရွာလည်တဲ့ ဇာတ်လမ်းက စပါတယ်။ ကျွန်တော် ကိုယ်တိုင် Firefox ကို ဖွင့်လိုက်တာနဲ့  g-Mail ရယ် ၊ Facebook ရယ်ကို အရင်ဆုံး ဖွင့်ပါတယ်။ ပြီးရင် တခြား အလုပ်လုပ်မယ့် ဆိုက်ငါးခု လောက်ကို ဖွင့်လိုက်ပါတယ်။ Facebook ကို အဝကြည့်ပြီး တော့မှ အလုပ်လုပ် ရမယ့်ဆိုက်ထဲကို ရောက်ပါတယ်။ အလုပ်ကို ငါးမိနစ်လောက် လုပ်လိုက် Facebook ကို ၁၅ မိနစ်လောက် ကြည့်လိုက်နဲ့ ကျွန်တော် အလုပ်လုပ် လာတာ သုံးနှစ်လောက် ရှိနေပါပြီ။ တကယ်တမ်း လုပ်ရင် ၁၅ မိနစ်လောက် ပဲကြာတဲ့ အလုပ်ကို Facebook ကြောင့် နှစ်နာရီလောက် ကြာနေတာ သတိထား မိပါတယ်။ ဒီတော့ အခု အလုပ်လုပ် တော့မယ်ဆိုရင် Facebook ကို ပြတ်ပြတ် သားသားပဲ Logout လုပ်လိုက်ပါတယ်။

အီးမေးလ်ကို မနက်ပိုင်းမှာ တစ်ကြိမ်ပဲ စစ်ပါတယ် ။ ။ စစ်လိုက်တိုင်း မေးလ်အသစ် ဝင်နေမယ်။ မေးလ်အသစ် ဝင်တိုင်း ပြန်ဖြေနေမယ် ဆိုရင် ပင်မအလုပ်ကို စိတ်ဝင်တစားနဲ့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အလုပ်ကို အရင်လုပ်ပါတယ် ။ ။ Facebook ကြည့်ရတာ စိတ်မဖြောင့်ဘူး။ အလုပ်ရှိနေလို့ ဆိုရင် အလုပ်အရင် လုပ်ပြီးမှ Facebook ကို စိတ် ဖြောင့်ဖြောင့်နဲ့ ကြည့်ဖို့ ဆုံးဖြတ် လိုက်တယ်။ ထိုနည်းတူ မနက်ပိုင်း လုပ်စရာတွေ ပြီးမှ မိုဘိုင်းဖုန်းရဲ့ Packet Data ခလုတ်ကို ဖွင့်တယ်။ အလုပ်လဲ ပြီးတယ်။ လုပ်ချင်တာလဲ လုပ်ရတယ်။ စိတ်ဖိစီးမှုလဲ မဖြစ်တော့ဘူး။

Pomodoro နည်းစနစ်ကို သုံးတယ် ။ ။ ဘာကိုလုပ်လုပ် မိနစ် ၃ဝ စီ ပိုင်းခြားပြီး လုပ်တဲ့ စနစ်ပေါ့။ အလုပ်ကို မိနစ် ၃ဝ လုပ်တယ်။ မိနစ် အနည်းငယ် နားတယ်။ ဒီနားချိန်မှာ Friend တွေကို Reply လုပ်တယ်။ ပြီးရင် Wifi ပိတ်တယ်။ အလုပ်ကို မိနစ် ၃ဝ ဆက်လုပ်တယ်။ ဂျပန်နည်း စနစ်ပေါ့။ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာပေါ့။ ဒါ့ပြင် တချို့အလုပ်ကို Facebook , g-Mail , Wechat အပေါ် သွားနေတာ။ ဒီတော့ အလုပ်ကို မိနစ် ၃ဝ လုပ်မယ်။ Social Media ကို ငါးမိနစ်လောက် သုံးမယ်ဆိုရင် အလုပ်လဲပြီးမယ်၊ အွန်လိုင်းပေါ် မှာလဲ ဟန်မပျက် တိုင်ပင် ဆွေးနွေး နေနိုင်မယ်ပေါ့။

လူတွေရဲ့ အွန်လိုင်း အသုံးပြုပုံ ဆိုးဆိုးရွားရွား မမှားဘဲ နဲ့တော့ ပညာရှင်တွေက အခုလို သတိပေး ဆောင်းပါးတွေကို မကြာခဏ ရေးသား ထုတ်ပြန်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့လဲ အွန်လိုင်း အသုံးပြုမှု နဲ့ လုပ်ငန်းပိုင်း အချိန်ပေးမှု တွေကို မျှမျှတတ ဖြစ်သွားအောင် အခုလို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

Thursday, June 4, 2015

လူတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်စေဖို့ ...



လူတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်စေဖို့ ...

သင်ဟာ ဆွဲဆောင်မှု ရှိသူလား။ ဒါမှမဟုတ် ဆွဲဆောင်မှု မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါသလား။ သင့်မျက်နှာ၊ ကိုယ်လုံး၊ အရပ်အမောင်း၊ အပိန်အဝ ဘယ်လိုပဲ ဖြစ်ဖြစ် ဆွဲဆောင်မှု ရှိနိုင်တယ် ဆိုတာ သိပါသလား။ သင်လိုက်နာရမှာ အချက် ၁၂ ချက်ပဲ ရှိပါတယ်-

၁။ စိတ်တိုတိုင်း ပြုံးလိုက်ပါ ။ ။ ကျန်တဲ့ အချိန်တွေမှာလဲ ပြုံးပါ။ စကားတစ်ခွန်း ကို စပြောတော့မယ်၊ တစ်ခုခုကို စလုပ် တော့မယ်ဆိုရင် ပြုံးပါ။ အထူးသဖြင့် စိတ်တိုပြီး မျက်မှောင် ကြုတ်တော့မယ့် အချိန်တိုင်းမှာ ရအောင် ပြုံးကြည့် လိုက်စမ်းပါ။ အများအမြင်မှာ သင့်မျက်နှာဟာ ကြည်လင်နေပြီး အလွန် ဆွဲဆောင်မှု ရှိနေပါ လိမ့်မယ်။

၂။ မျက်နှာပေါ်က အမွေးအမှင် တွေကို ထိန်းသိမ်းပါ ။ ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေး တွေရှိရင် မှန်မှန်ရိတ်တာ၊ ကြည့်ကောင်းအောင် ညှိတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ မုတ်ဆိတ် ရှည်ရှည် ထားမယ်ဆိုရင် သန့်ရှင်း သပ်ရပ်ဖို့တော့ လိုလိမ့်မယ်။ အမျိုးသမီး တွေကတော့ မျက်ခုံးကို မှန်မှန် ပုံသွင်းပါ။ ဆံပင်ဆိုတာ ခေါင်းပေါ် ရှိရမှာပါ။ သင့်မျက်နှာ ပေါ်မှာ ဝဲကျဖုံးလွှမ်း နေတဲ့ ဆံပင်ဟာ ဘယ်သူ့ကိုမှ မဆွဲဆောင် နိုင်တဲ့အပြင် စိတ်လဲ ရှုပ်စေပါတယ်။

၃။ ဆံပင်ကို အကောင်းဆုံး အနေအထားမှာ ထားပါ ။ ။ ဆံပင်ဆိုတာ ကိုယ့် သရဖူပါ။ ဂရုစိုက်ပါ။ ကြည့်ကောင်းအောင် နေတတ်တာဟာ ဆွဲဆောင်နိုင်မှု ရဲ့ပထမ အဆင့်ပါ။ ဆံပင်ကို ရှည်လို့ညှပ် ရတာ မဟုတ်ပါဘူး။ ဆံပင် ကျန်းမာရေး အတွက် ညှပ်ရတာပါ။ မှန်မှန်ညှပ်ပေးတဲ့ ဆံပင်တွေက ကျန်းမာရေး ပိုကောင်း ပါတယ်။

၎။ ကိုယ်နဲ့တော်တဲ့၊ သင့်တော်တဲ့ အဝတ်အစား တွေကို ဝတ်ပါ ။ ။ သင့်တော် သပ်ရပ်လှပစွာ ဝတ်စား တတ်သူကို လူတွေ သဘောကျ ပါတယ်။ ဒီတော့ ကိုယ်ဘာဝတ်တယ် ဆိုတာ သတိထားပါ။ ကိုယ့်ခန္ဓာကိုယ် အချိုး အစားကို အကောင်းဆုံး ပုံဖော်ပြသ နိုင်မယ့် အဝတ်အစား မျိုးကို ဝယ်ပါ။ ကြီးလွန်းတယ်၊ ကျပ်လွန်းတယ် ဆိုရင် ကြည့်လို့ မကောင်းနိုင် ပါဘူး။

၅။ မျက်လုံး အကြည့်ဟာ မှန်လဲမှန် ကောင်းလဲကောင်း ရပါမယ် ။ ။ တစ်ကိုယ်ရေတည်း နေရတဲ့ အချိန်ဖြစ်စေ၊ လူတွေနဲ့ စကားပြောဆို ဆွေးနွေးနေတဲ့ အချိန်ဖြစ်စေ မျက်လုံး အကြည့်ဟာ မှန်ကန် ကောင်းမွန် ရပါမယ်။ သင့်မျက်လုံး အကြည့်နဲ့ လူတွေကို ပျော်သွားအောင်၊ အရေးပါသူ တစ်ယောက်လို့ ခံစားရအောင် လုပ်ပေးပါ။

၆။ လမ်းလျှောက်တဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ ။ ။ ခန္ဓာကိုယ်ကို တင်းတောင့် မထားပါနဲ့။ မျက်လုံးကို ကျီးကန်း တောင်းမှောက် မကြည့်ပါနဲ့။ မေးစေ့ကို ပင့်ထားပါ။ အကောင်းဆုံး ကတော့ ကိုယ့်ကို အပေါ်ကနေ မိုးပျံပူဖောင်း တွေက ဆွဲတင် နေတယ်လို့  ယူဆလိုက်ပါ။ သင် ကြွကြွရွရွ လျှောက်တတ် လာပါလိမ့်မယ်။ ဆွဲဆောင်မှု ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှုနဲ့ တိုက်ရိုက် အချိုးကျ ပါတယ်။

၇။ အနံ့အသက် ကောင်းမွန်ပါစေ ။ ။ အမျိုးသား တစ်ဦးအတွက် ဆွဲဆောင်မှု အရှိဆုံးက အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ဖြစ်သလို အမျိုးသမီး တစ်ယောက် အတွက်လဲ အမျိုးသား တစ်ယောက်ရဲ့ ကိုယ်သင်းနံ့က အလွန် ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကိုယ်သင်းနံ့ ကနေ ခန္ဓာကိုယ် အနံ့ ဖြစ်သွားမယ် ဆိုရင်တော့ နှာခေါင်းရှုံ့စရာ ဖြစ်လာ နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ် အနံ့အသက် ကောင်းမွန်အောင် အမြဲ ဂရုစိုက်ပါ။အမွှေးနံ့သာ အလွန်အကျွံ အသုံးပြုခြင်း ကလဲ အနံ့နံခြင်းနဲ့ ညီမျှတယ် ဆိုတာ သတိပြုပါ။

၈။ အေးဆေးလေး နေတတ်ပါ ။ ။ သင်တစ်ယောက် တည်း ပူစပ် ပူလောင် ဖြစ်နေမယ် ဆိုရင် အလွန် အရုပ်ဆိုး ပါတယ်။ ပျာယာခတ်၊ ပူလောင်၊ ဆဲဆို နေမယ်ဆိုရင် ပိုလို့တောင် အရုပ်ဆိုး သွားမှာပါ။ စကားပြော မလောပါနဲ့။ အထိုင် ၊ အထ ၊ အသွား မလောပါနဲ့။ စကားကို လွတ်လပ် ပွင့်လင်းစွာ ပြောပါ။ လူတွေနဲ့ အဆင်ပြေ လွယ်ကူစွာ ဆက်ဆံပါ။ ကိုယ့်ကို ကိုးလို့ကန့်လန့် လာလုပ်တယ် ဆိုရင်ပြုံးပြီး ကျောခိုင်း လိုက်ပါ။ စကားပြိုင် မပြောပါနဲ့။

၉။ ကိုယ်တိုင်လဲ ရယ်ပါ ။ ။ လူတွေကိုလဲ ရယ်မောအောင် လုပ်ပါ။ ရယ်မောခြင်းသည် ဆေးကောင်း တစ်ခွက်လို့ ဆိုကြတဲ့ အတိုင်း အားပါးတရ ရယ်မောလိုက်ရတဲ့အခါ သင်ကိုယ်တိုင်လဲ စိတ်နှလုံး နူးညံ့ပျော့ပျောင်း သွားမှာဖြစ်ပြီး လူတွေကို ရယ်မော စေနိုင်တဲ့ သင်ဟာ သူတို့ရဲ့ စိတ်ခံစားချက် တွေကိုလဲ ထိန်းချုပ် နိုင်လာမှာ ဖြစ်ပါတယ်။

၁ဝ။ ကိုယ်နှုတ် အမူအရာ အရေးကြီး ပါတယ် ။ ။ တချို့လူတွေက မဲ့ပြတတ်ကြ ပါတယ်။ တချို့က ခြေထောက် ရမ်းနေတတ် ပါတယ်။ အချို့က မျက်လုံးကြီး ပြူးပြတတ် ပါတယ်။ တကယ်တော့ သင့်ကိုယ်နှုတ် အမူအရာ ဟာ အလွန်အရေး ကြီးပါတယ်။ သင်က အလုပ်ရှုပ်ပြီး စိတ်တို နေဟန် ပြရင် လူတွေက သင့်ကို ချဉ်းကပ်တော့မှာ မဟုတ်ပါဘူး။ သင်က ပျော်ရွှင် အေးဆေး နေဟန်ပြမယ် ဆိုရင် လူတွေကလဲ ချဉ်းကပ်ကြ ပါလိမ့်မယ်။

၁၁။ မေးခွန်းတွေမေးပါ ။ ။ တချို့က စကားမပြောလို့ ဆွဲဆောင်မှု မရှိဘူး။ အချို့က စကား ပြောလွန်းလို့ ဆွဲဆောင်မှု မရှိဘူး။ စကားပြောတာ ၊ မေးခွန်းမေးတာ၊ သူတို့ကို ပြန်နားထောင်တာ အားလုံးကို မျှတအောင်
လုပ်တတ်ပါ။ လူတွေ ပျော်ရွှင်စွာ ဖြေချင်ကြတဲ့ မေးခွန်းတွေကို လှလှပပ မေးတတ်အောင် လေ့ကျင့်ထားပါ။

၁၂။ တောက်ပတဲ့ အရောင်တွေကို ရွေးချယ်ပါ ။ ။ သင့် အသားအရေနဲ့ လိုက်ဖက်ညီတဲ့ အရောင် တောက်တောက် ၊ အားပါပါ လေးတွေကို ရွေးချယ် ဝတ်ဆင်ပါ။ သင့်ကိုကြည့်လို့ ပိုကောင်း နေနိုင်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှု အားလဲ အတော် ကောင်းတယ်လို့ မှတ်ချက်ချကြ ပါလိမ့်မယ်။

ဒီအခြေခံ အချက်လေးေ တွကို သတိထား လိုက်မယ်ဆိုရင် သင်ဟာ ဝဝ ၊ ပုပု ၊ မည်းမည်း ၊ ဖြူဖြူ ဆွဲဆောင်မှု ရှိနေပါလိမ့်မယ် ဆိုတာကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။